Sunday, 9 March 2008

တောင်ပေါ်တစ်ခေါက်



တောင်ပေါ်မှာနားနားနေနေပေါ့


လာကန်တော့ကြတဲ့ လူတွေနဲ့ပြည့်နေတယ်




တောင်ပေါ်ကနေ မြင်ရတဲ့ရှုခင်း

တစ်ပင်လုံး ပန်းတွေနဲ့ဝေနေတဲ့ ချယ်ရီ

ဒီတစ်ပတ် စနေပိတ်ရက်မှာ အလုပ်ထဲက သူငယ်ချင်း ၃ ယောက်နဲ့ ထူတိကုန်း တောင်ကို ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ တက်ခဲ့ကြတယ်။ နေ့လည် ၁၁ နာရီခွဲလောက်က စတက်တယ်။ ကားနဲ့တက်မယ်ဆိုပြီး taxi ငှားတာ ၂ စီး ၃စီးက တောင်ပေါ်ကို မတက်ချင်ဘူဆိုလို့ ကားပေါ်ကပြန်ဆင်းပေးရတယ်လေ။ ရှက်လိုက်တာနော် ဟီ ဟီ။ မြန်မာပြည်မှာလို သွားမယ့်နေရာကိုပြော ကားခကို ပြောတာမဟုတ်တော့ အဲဒီလိုအရှက်ကွဲတာပေါ့။ ရှက်ရှက်နဲ့ပဲ ကားတစ်စီးက ရတယ်ဆိုလို့ နေ့ခင်းကြီး တောင်ပေါ်ကှိုရောက်သွားတယ်လေ။ တောင်ထိပ်အထိ ကားနဲ့တက်လို့မရဘူးလေ။ လှေခါးထစ်လေးတွေ နဲနဲတက်ရသေးတယ်။ တောင်ပတ်လမ်းဘေးမှာရှိတဲ့ ချယ်ရီပင်တွေမှာလဲ ပန်းတွေနဲ့အပြည့် တစ်ပင်လုံး အရွက်မရှိပဲ ပန်းရောင်သန်းနေတာ နေရောင်ထဲမှာ ကြည့်ရတာ အရမ်းကို လှနေတယ်။ ဆောင်းကုန်ခါနီးပေမယ့် ချယ်ရီတွေက ပွင့်နေတုန်းလေ။ တောင်ပေါ်ရောက်တော့လဲ လာကန်တော့တဲ့ လူတွေနဲ့အပြည့်ပဲ။ မိသားစုအလိုက် အပေါင်းအသင်းအဖွဲ့လိုက် ခြေကျင်တစ်မျိုး ကားနဲ့တစ်မျိုး လာကြတယ်။ တောင်ပေါ်ကို လာကြတဲ့ လူတွေအတွက် အဆင်ပြေဖို့ လိုင်းကားလဲရှိတယ်။ အဲဒီကားက အလကားစီးရတယ်။ မီနီဘတ်စ် အသေးလေးတွေကို သူ့အချိန်နဲ့သူ ထွက်ပေးတယ်။ တောင်ပေါ်ကနေ နေ့လည် ၂ နာရီ ကျော်လောက် ပြန်ဆင်းလာတယ်။ တောင်ပေါ်မှာ ချို့တို့ဖူး (နံတဲ့တို့ဖူး) စားခဲ့တယ်။

Thursday, 6 March 2008

Tuesday, 4 March 2008

မိဘမေတ္တာ

သားသမီးက နိုင်ငံခြား
ပညာအသင် သွားကြတော့
မိဘတွေဟာ ပျော်ရွှင်ကာ
မော်ကြွားရပေါ့

ငါ့သားသမီးက ဘယ်နိုင်ငံမှာ
ပြောလို့ကို မမောနိုင်တာ
လူတကာကြား
ဂုဏ်ယူကာ ပြောကြားရင်း
သူတို့ယူကာသွားတဲ့
စည်းစိမ်ဆိုတာ မေ့ကာထားပေါ့

ကောင်းစားပါစေထားတဲ့ မိဘစေတနာ
လောင်းကစားတာတွေနဲ့တော့
ဖြုန်းတီးမပစ်ပါနဲ့လို့
ကြိတ်လို့သာဆုတောင်းမိတယ်

ဒါတွေကို ဘေးကမသိ
ကိုယ့်ဝမ်းနာ ကိုယ်သာသိမို့
ဘေးအမြင်မှာ သားသမီးအလိမ္မာဖြစ်ဖို့
မိဘတွေဟာ ရင်မှာမြိုသိပ်
တိတ်တိတ်သာ ငိုနေရပါတယ်

Monday, 3 March 2008

နိုင်ငံခြားက ဘဝ

မြန်မာနိုင်ငံက လူတစ်ချို့ဟာ နိုင်ငံခြားမှာနေတယ်ဆိုရင် သူတို့တွေရဲ့ စိတ်ထဲမှာ အရမ်းကို အဆင်ပြေ နေကြတယ်လို့ထင်နေတယ်။ နိုင်ငံရပ်ခြား တိုင်းတပါးမှာ စားရ နေရတဲ့ ဒုက္ခတွေကို မြန်မာပြည်ကမိသားစုတွေ မသိကြဘူး။ နိုင်ငံခြားရောက်နေတဲ့ လူတွေကလည်း ကိုယ့်မိသားစုတွေ စိတ်ဆင်းရဲမှာစိုးလို့ ဖွင့်မပြောပြကြပါဘူး။ နိုင်ငံရပ်ခြားလို့ ဆိုလိုက်တာနဲ့ ဘာသာစကားကစလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပြီ။ ကိုယ်ပိုင်အိမ် မရှိတဲ့အတွက် သူတစ်ပါးဆီမှာ အိမ်ငှားနေကြရပြီ။ တစ်ယောက်ထဲ ငှားနေဖို့ရာကလည်း ရတဲ့လခနဲ့ အိမ်ငှားခနဲ့ မတတ်နိုင်တော့ လူအများစုပေါင်းပြီးနေကြရတယ်။ စရိုက်ကမတူ ကိုယ့်မိသားစုလဲမဟုတ်တဲ့အတွက် စိတ်ညစ်စရာတွေရှိလာပြီလေ။ ဒီကြားထဲ အလုပ်မှာ အဆင်မပြေရင် ပိုလို့တောင် စိတ်ညစ်ရသေးတယ်။ သူတစ်ပါးနိုင်ငံမှာ အလုပ်လာလုပ်ရတော့ နိုင်ငံခြားသားဆိုပြီး နှိမ်ချင်ကြတယ်။ ဒါတွေကို ငါ့မိသားစုအတွက် ဆိုတဲ့ စိတ်ကလေးနဲ့ အားလုံးကို သည်းခံပြီး လုပ်ကိုင်နေကြရတယ်။ မြန်မာပြည်မှာ ရှိနေတဲ့ ကိုယ့်မိသားစုက ဒါတွေကို နားလည်ပြီး အားပေးနေရင် ပင်ပန်းရတာတော်သေးတယ်။ ဒီလိုမှမဟုတ်ပဲ ကိုယ်ကအိမ်ကို လွမ်းလို့ ဖုန်းလေးဆက်ပါတယ်။ အိမ်မှာရှိတဲ့လူတွေက လိုချင်တက်မက်စိတ်တွေနဲ့ စိတ်ညစ်စရာတွေကို ပြောပြီဆိုရင် စိတ်ညစ်ရပြီပေါ့။ နိုင်ငံခြားမှာမိုလို့ အရာအားလုံး အဆင်ပြေနေတယ်လို့ ထင်နေရင် မှားနေပြီ။ အလုပ်တက်တာနဲ့ စက်ရုပ်တစ်ရုပ်လို မနားတမ်းလုပ်နေရတဲ့ ဘ၀တွေပါ။ ဘယ်ဘ၀က ၀ဋ်ကြွေများရှိနေလို့ မိသားစုကိုခွဲ ကိုယ့်မွေးရပ်မြေကို ခွဲခွာပြီး စက်ရုပ်လူသားဘ၀တွေကို ရောက်မှန်းမသိ ရောက်နေရတယ်။

Sunday, 2 March 2008

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါ

လူတစ်ချို့က ပြောတတ်ကြပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူသိတဲ့ အကြောင်းကို သူခံစားရတာတွေကို ပြောပြတဲ့အခါ အလကားပါကွာ လူအထင်ကြီးအောင် ပြောနေတာပါ ဆိုပြီး ပြောတတ်ကြတယ်။ အဲဒီလို ပြောကြမယ်ဆိုရင် သူအဲဒီလိုသိအောင် သူပေးဆပ်ရတာတွေကိုရော သူကုန်ခဲ့တဲ့ အချိန်တွေအပေါ်မှာရော ထည့်ပြီးစဉ်းစားပေးမိရဲ့လား။ လူတစ်ယောက်ဟာ တကယ်ပဲ လူအထင်ကြီးအောင် လုပ်တယ်ပဲ ဆိုပါစို့။ အဲဒီလို အထင်ကြီးအောင် သူများမသိတာတွေကို သိအောင်လေ့လာရတယ်။ သိအောင်လုပ်ရတယ်။ အချိန်တွေ ငွေတွေ ကုန်ရတယ်။ ကိုယ်ကိုယ်တိုင်ကရော သူ့လိုလုပ်နိုင်ရဲ့လား။ ကိုယ်ကိုယ်တိုင်ကလဲ မလုပ်နိုင် သူတစ်ပါးလုပ်နေတာကိုလဲ အားမပေးချင်။ အားမပေးပဲ နေရင်လဲ ရပါတယ်။ အပြစ်ပြောပြတာကိုလဲ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလို သူတစ်ပါးတွေကို ပြောပြတိုင်း လူအထင်ကြီးအောင် လုပ်နေတာပါဆိုတဲ့ သဘောလေးတွေ အမြင်လေးတွေနဲ့တော့ မမြင်စေချင်ဘူး။ အဲဒီလိုအမြင်နဲ့ ပြောလိုက်ရင် သူသိပြီး ပြောပြချင်နေတဲ့ အရာတွေကို မပြောပြပဲ သိမ်းထားလိုက်မယ်ဆိုရင် အလွန်နှမျောဖို့ကောင်းပါတယ်။ သူသိနေတဲ့ အရာတွေဟာ သူတစ်ပါးမသိသေးတာတွေ ပါနေမယ်ဆိုရင် တစ်ခြားမသိသေးတဲ့ လူတွေအတွက် ဗဟုသုတ လျော့နည်းသွားမှာပါ။ ဘယ်လိုစိတ်မျိုးနဲ့ပဲ ပြောပြပြောပြ ပြောပြပေးနေတဲ့ လူကို ကျေးဇူးတင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူတစ်ပါးကို မျှဝေပေးချင်တဲ့ စိတ်ကလေးရှိနေလို့ပါ။

သက်သတ်လွတ်စားရုံသက်သက်နဲ့ ဘာကုသိုလ်မှ မရပါ

သက်သတ်လွတ်စားရုံသက်သက်နဲ့
ကုသိုလ်ရတယ်ဆိုရင်
နို့စို့ကလေးတွေ
အမေနို့ စို့နေတဲ့အချိန်
မြီးကောင်ပေါက် ကောင်မလေးတွေ
သရက်ပေါင်း၊ ဆီးပေါင်း
စားနေတဲ့အချိန်
ရုပ်ရှင် ဗွီဒီယိုကြည့်သူတွေ
နေကြာစေ့၊ ကွာစေ့
ဝါးနေတဲ့အချိန်
အရက်သမား ဘီယာသမားတွေ
အရက် ဘီယာ
သောက်နေတဲ့အချိန်
အရက် ဘီယာသောက်ရင်း
အားလူးကြော် မြေပဲလှော်
မြည်းနေတဲ့အချိန်တွေမှာလည်း
သူတို့တစ်တွေ
အလကားနေရင်း
ကုသိုလ်ရနေမှာပေါ့။
အဲဒါတွေအားလုံး
သက်သတ်လွတ်တွေချည်းပဲ
မဟုတ်လား။

အရှင်ဆန္ဒာဓိက

သူများအသက်မသတ်တဲ့ ဖထီး

တစ်ခါက ဖထီးတစ်ယောက် ဒီနေ့တော့ ဥပုဒ်နေ့ သူများအသက်ကို သတ်ပြီးမစားဘူးဆိုပြီး ဆုံးဖြတ်ထားတယ်လေ။ အိမ်မှာကလဲ ဂဏာန်းအရှင်တွေက ဖမ်းထားတာရှိနေတယ်။ သူများအသက်လဲ မသတ်ချင်ဘူး ဒီဂဏာန်းတွေကိုလဲ စားချင်နေတယ်။ အဲဒါနဲ့ မီးဖိုပေါ်ရေနွေးအိုးတည် ပြီးရင် တုတ်နှစ်ချောင်းထားပြီး မင်းတို့ကုသိုလ်ကံပဲ အိုးဟိုဘက်ကို ဖြတ်လျှောက်ကြဆိုပြီး ဂဏာန်းတွေကို တင်လိုက်တယ်။ ရေနွေးအိုးပေါ်က ဂဏာန်းတွေက ဘယ်လိုမှ ဖြတ်မလျှောက်နိုင်တော့ အိုးထဲကို ပြုတ်ကျကုန်တာပေါ့။ ကံကောင်းချင်တော့ ဂဏာန်းအကြီးကြီး တစ်ကောင်က ဖြတ်လျှောက်လို့ ရသွားတယ်။ အဲဒါကို ဖထီးက ဒီလိုတော့ ဘယ်ရမလဲ မင်းက အကောင်ကြီးတော့ နှစ်ခါပြန်လျှောက်ရမယ်ဆိုပြီး ပြန်လျှောက်ခိုင်းတာပေါ့။ နောက်တစ်ခါကျတော့ ဂဏာန်းလဲ အိုးထဲကျတော့တာပေါ့။ မိတ်ဆွေတို့လဲ ဖထီးလိုတော့ မင်းတို့ကုသိုလ်ကံပဲ ဆိုပြီးမလုပ်ကြနဲ့နော်။


အားလုံးအတွက် ညစာ



ဒီတစ်ပတ်တော့ ဟင်းကောင်းစားချင်တယ်လို့ ပြောလာတဲ့ လူကလဲရှိနေ ကိုယ်တိုင်ကလည်း အစားပုတ်တော့ အတော်ပဲဖြစ်သွားတယ်။ ဒီတစ်ခါ ငါးကို ကော်ရည်နဲ့ ချက်မယ်။ ၀က်သားဆီပြန်ချက်မယ်။ ကဲ ငါးကို ကော်ရည်ချက်ဖို့ ကကတစ်ငါးကို အကောင်လိုက် ဆား၊ ဟင်းချိုမှုန့်၊ ငြုပ်ကောင်းမှုန့်တို့နဲ့ နယ်ပြီးခဏ နှပ်ထားလိုက်ပါ။ အဲဒီအချိန်မှာ ကြက်သွန်နီ ခရမ်းချဉ်သီးကို အတုံးလေးတွေ လှီးထားပါ။ ကြက်သွန်ဖြူ ချင်းကို ပါးပါးလေးလှီးပါ။ ပြီးရင် ကိုယ်စားချင်တဲ့ အသီးအနှံ အနည်းငယ်လှီးထည့်ပါ။ ငါးကို အရင်ဆုံး ဆီများများထဲမှာ မီးအေးအေးနဲ့ ကြော်ပါ။ ငါးက ရဲလာပြီး အနည်းငယ်ကျွတ်လာရင် ဆယ်ပြီး ပန်းကန်တစ်ခုထဲ ထည့်ထားပါ။ ခုနက လှီးထားတဲ့ အသီးအရွက်တွေကို ကြော်ပါမယ်။ ပထမဆုံး ဆီအနည်းငယ်ထဲမှာ ကြက်သွန်ဖြူနဲ့ ချင်း ကိုအရင်ဆုံး ဆီသပ်ပါ။ အဲဒီလို ဆီသပ်လိုက်တော့ ချင်းနဲ့ ကြက်သွန်ဖြူအနံ့ မွှေးမွှေးလေးရတာပေါ့။ ပြီရင် ကျန်တဲ့ အသီးအနှံတွေကို ထည့်ပြီး ကြော်ပါ။ အဲဒီအချိန်မှာ ကော်ရည်အနည်းငယ် ဖျော်ထားပါ။ အနည်းငယ်ကျက်လာရင် ကော်ရည်ကျဲကျဲကို လောင်းထည့်ပါ။ ကော်ရည်ပွက်လာရင် ကြော်ထားတဲ့ ငါးကို ထည့်လိုက်ပါ။ ကော်ရည်ထဲမှာ ငါးကို ခဏနှပ်လိုက်ပြီးရင် ပန်းကန်ထဲကို ထည့်ပြီး စားလို့ရပါပြီ။ ၀က်သားဆီပြန်ကိုတော့ ဒီတစ်ခါမချက်ပြတော့ဘူးနော်။ အရင်တုန်းက ဆီပြန်ချက်သလိုသာ ချက်လိုက်တော့။
ဒီတစ်ခါကတော့ ညစာပါနော်။ နေ့လည်က မအားလို့ ဟင်းမချက်အားတာနဲ့ ညစာဖြစ်သွားတယ်။ :P

Saturday, 1 March 2008

အချိန်တွေ မရွေးပါနဲ့

နှင်းတို့ မြန်မာတွေ ပြောနေတဲ့ ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုပြီး ပြောတတ်ကြတယ်။ နှင်း အမြင်မှာတော့ ဒါတွေဟာ အပေါ်ယံသဘောပါပဲ။ အဲဒီလိုမျိုး ပိုင်းခြားပြီးတော့ လုပ်လို့မရပါဘူး။ ပညာရှာတဲ့ နေရာမှာ ပထမအရွယ်ပြီးတာနဲ့ ဆက်ပြီးရှာစရာ မလိုတော့ပါဘူးဆိုပြီး အားလုံးကို ရပ်ထားလိုက်လို့ မရပါဘူး။ အခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ ကိုယ်မသိတာတွေဟာ နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေတာပါ။ ဒါတွေကို ပထမအရွယ် ကုန်သွားပြီမိုလို့ မသင်တော့ပါဘူးဆိုပြီး ရပ်ထားလိုက်ရင် သူများတွေသိနေတဲ့ အရာမှန်သမျှကို ကိုယ်က မသိမတတ်ဖြစ်သွားမှာပါ။ ဥစ္စာရှာတာက ဒုတိယအရွယ်လို့ ပြောနေလို့ ဒုတိယအရွယ်မှ ရှာမယ်လို့ မထားရပါဘူး။ ဥစ္စာရှာဖို့ အခွင့်အရေးရှိရင် ဘယ်အရွယ်မှာပဲ ဖြစ်ဖြစ်ရှာရမှာပါ။ အခုခေတ်မှာ ပညာရှာရင်း ဥစ္စာပါ ရှာနေတဲ့ လူတွေ အများကြီးပါ။ အဲဒီလိုပဲ ပညာရော ဥစ္စာရော ရှာနေရင်းနဲ့ တရားကိုပါ ရှာသင့်ပါတယ်။ ငယ်ပါသေးတယ်။ ဒါတွေက အသက်ကြီးမှ လုပ်ရမှာပါလို့ မတွေးစေချင်ဘူး။ လူဆိုတာ ဘယ်အချိန်သေမယ်ဆိုတာ မသိပါဘူး။ အခုနေ အသက်ရှင်နေသေးပေမယ့် စက္ကန့်ပိုင်း မိနစ်ပိုင်းအတွင်း သေသွားနိုင်ပါတယ်။ ဒါတွေကြောင့် အရွယ်တွေ အချိန်တွေကို ရွေးမနေသင့်ပါဘူး။ ကိုယ်အသက်ရှင်နေသေးတဲ့ အချိန်မှာ လုပ်နိုင်တဲ့ အရာမှန်သမျှကို တစ်ချိန်တည်း တစ်ပြိုင်တည်းလုပ်နေသင့်ပါတယ်။

နေ့မြင်ညပျောက်

မတည်မြဲခြင်း ဆိုတာကို လူတွေဟာ သတိမပြုမိကြဘူး။ ဘယ်အရာကိုမှ ကိုယ်အပိုင်စိုးရတယ်ဆိုတာ လောကမှာမရှိပါဘူး။ ဒါပေမယ့် လူတစ်ချို့ဟာ ဒီအရာတွေကို မေ့နေကြတယ်။ ငါပိုင်ဆိုင်တဲ့ ဥစ္စာပစ္စည်း၊ ငါမွေးထားတဲ့ ငါ့သားသမီး၊ ငါ့ရာထူး စတဲ့ ငါစွဲတွေကို ထားနေသရွေ့ သူတို့ရဲ့ စိတ်တွေဟာလဲ မအေးချမ်းကြပါဘူး။ အတိတ်ဘ၀ ကုသိုလ်ကံ ကောင်းလို့ ကိုယ်ပြုခဲ့တဲ့ ကောင်းကျိုးတွေကြောင့် ရလာတဲ့အရာတွေပါ။ ကိုယ်ရှာထားတဲ့ စည်းစိမ်တွေကလဲ အမြဲတမ်း တည်မြဲနေမယ့်အရာမဟုတ်ပါဘူး။ ဒီနေ့ ရှိနေပေမယ့် နောက်နေ့ရှိချင်မှ ရှိတော့မယ့်အရာတွေပါ။ ကိုယ်မွေးထားတဲ့ သားသမီးတွေကရော အမြဲတမ်း ကိုယ်နဲ့အတူ ရှိနေမှာမှ မဟုတ်တာ။ အချိန်တန်အရွယ်ရောက်ရင် ကိုယ့်ကိုခွဲသွားမှာပါ။ ကိုယ့်မှာ အခုရှိပါတယ်ဆိုတဲ့ ရာထူး ဂုဏ်ထူးတွေကရော အမြဲတမ်းရှိနေမှာ မဟုတ်ပါဘူး။ အဲဒီဟာတွေအပေါ်မှာ အစွဲတွေ ထားနေမယ်ဆိုရင် လက်ရှိဘ၀မှာလဲ မအေးချမ်းနိုင်သလို ကိုယ်သေသွားခဲ့ရင်လဲ ဒီစွဲလမ်းတဲ့ စိတ်တွေကြောင့် သံသရာမှာလဲ မကောင်းနိုင်ပါဘူး။ ဖြစ်ပြီးရင် ပျက်မှာပါပဲ။ ဖြစ်ပြီးပြီ မပျက်နိုင်တော့ပါဘူး ရယ်လို့ ဘုရားကလဲ မပြောခဲ့ပါဘူး။ မြတ်စွာဘုရားတောင်မှ ဖြစ်ပျက်သဘောကို အလွန်ဆန်နိုင်ခဲ့ပါဘူး။
လူ့ဘ၀ဆိုတာ ခဏလေးပါ။ ကုသိုလ်ကံထူးလို့ လူရယ်လို့ လာဖြစ်ရတာပါ။ လူရယ်လို့ ဖြစ်လာပြီးတော့ မြတ်ဘုရားရဲ့ အဆုံးအမတွေကို နာကြားခွင့်ရလို့ ပိုပြီးကံကောင်းပါတယ်။ လုပ်ခွင့်ကြုံတုန်း လုပ်လို့ရနေတဲ့ အချိန်မှာ ကိုယ့်ဘ၀အတွက် လောကုတ္တရာအတွက် ကြိုးစားပြီး ကျင့်ကြံရမှာပါ။ လောကီအတွက် မကြိုးစားရဘူးလို့ မပြောပါဘူး။ အူမတောင့်မှ သီလစောင့်နိုင်မယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် လောဘဆိုတာကို ထိန်းနိုင်ရပါမယ်။ အခုတစ်လော မြန်မာနိုင်ငံမှာ မီးတွေလောင်လို့ အပူသောကတွေနဲ့ ကြုံနေရတယ်။ ဒီနေ့ရှိနေတဲ့ ပစ္စည်းတွေ အချိန်ပိုင်းအတွင်းမှာ ပြာမှုန့်တွေအဖြစ်ပြောင်းလဲ သွားတယ်။ မတည်မြဲခြင်း တွေကို တွေ့မြင်နေရတာပါ။ အရာဝတ္ထု ပစ္စည်းဆိုတာ မတည်မြဲဘူး။ အဲဒီလိုပဲ လူရယ်လို့ မွေးဖွားလာပြီးရင်လဲ သေဆုံးကြရမှာပါ။ မသေဆုံးခင် လောကုတ္တရာအတွက် ကြိုးစားအားထုတ်သွားရမယ်။

နောက်လဲလာလည်နော်

Glitter Graphics