Sunday 2 March 2008

ဘာပဲဖြစ်ဖြစ် ကျေးဇူးတင်ပါ

လူတစ်ချို့က ပြောတတ်ကြပါတယ်။ လူတစ်ဦးတစ်ယောက်ဟာ သူသိတဲ့ အကြောင်းကို သူခံစားရတာတွေကို ပြောပြတဲ့အခါ အလကားပါကွာ လူအထင်ကြီးအောင် ပြောနေတာပါ ဆိုပြီး ပြောတတ်ကြတယ်။ အဲဒီလို ပြောကြမယ်ဆိုရင် သူအဲဒီလိုသိအောင် သူပေးဆပ်ရတာတွေကိုရော သူကုန်ခဲ့တဲ့ အချိန်တွေအပေါ်မှာရော ထည့်ပြီးစဉ်းစားပေးမိရဲ့လား။ လူတစ်ယောက်ဟာ တကယ်ပဲ လူအထင်ကြီးအောင် လုပ်တယ်ပဲ ဆိုပါစို့။ အဲဒီလို အထင်ကြီးအောင် သူများမသိတာတွေကို သိအောင်လေ့လာရတယ်။ သိအောင်လုပ်ရတယ်။ အချိန်တွေ ငွေတွေ ကုန်ရတယ်။ ကိုယ်ကိုယ်တိုင်ကရော သူ့လိုလုပ်နိုင်ရဲ့လား။ ကိုယ်ကိုယ်တိုင်ကလဲ မလုပ်နိုင် သူတစ်ပါးလုပ်နေတာကိုလဲ အားမပေးချင်။ အားမပေးပဲ နေရင်လဲ ရပါတယ်။ အပြစ်ပြောပြတာကိုလဲ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီလို သူတစ်ပါးတွေကို ပြောပြတိုင်း လူအထင်ကြီးအောင် လုပ်နေတာပါဆိုတဲ့ သဘောလေးတွေ အမြင်လေးတွေနဲ့တော့ မမြင်စေချင်ဘူး။ အဲဒီလိုအမြင်နဲ့ ပြောလိုက်ရင် သူသိပြီး ပြောပြချင်နေတဲ့ အရာတွေကို မပြောပြပဲ သိမ်းထားလိုက်မယ်ဆိုရင် အလွန်နှမျောဖို့ကောင်းပါတယ်။ သူသိနေတဲ့ အရာတွေဟာ သူတစ်ပါးမသိသေးတာတွေ ပါနေမယ်ဆိုရင် တစ်ခြားမသိသေးတဲ့ လူတွေအတွက် ဗဟုသုတ လျော့နည်းသွားမှာပါ။ ဘယ်လိုစိတ်မျိုးနဲ့ပဲ ပြောပြပြောပြ ပြောပြပေးနေတဲ့ လူကို ကျေးဇူးတင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ သူတစ်ပါးကို မျှဝေပေးချင်တဲ့ စိတ်ကလေးရှိနေလို့ပါ။

No comments:

နောက်လဲလာလည်နော်

Glitter Graphics