Thursday 8 May 2008

အမေနေ့ Motherday

“မေမေ”
ဒီစကားလေးတခွန်းက နှင်းတို့တွေ စကားပြောခါစ အရွယ်မှာ ပထမဆုံး သင်ကြားခွင့် ခေါ်ခွင့်ရခဲ့တဲ့ စကားလေးပါ။ ဘယ်တော့မှလဲ မရိုးသွားပဲ သေသည်အထိ လှိုက်လှိုက်လှဲလှဲ ခေါ်သွားရမယ့် လူတိုင်းလဲ ခေါ်ဆိုခဲ့ကြတဲ့ စကားလေးတခွန်းပါ။ ဟုတ်ပါတယ် လူတိုင်းမှာ မိခင်ဆိုတာရှိသလို သတ္တ၀ါတိုင်းမှာလဲ မိခင်ဆိုတာရှိပါတယ်။ လူတွေက အသိစိတ်ရှိလို့ မေမေ လို့ ခေါ်ကြသလို တိရိစ္ဆာန်လေးတွေလဲ သူတို့ဘာသာစကားအရ မေမေ လို့ခေါ်ကြမှာပါ။

အမေများနေ့ ကို မေလ ဒုတိယအပတ်ရဲ့ တနင်္ဂနွေလို့ သတ်မှတ်ထားပါတယ်။ အမေတွေကို ဂုဏ်ပြုတဲ့အနေနဲ့ သတ်မှတ်ထားတာပါ။ မိခင်ဆိုတဲ့အရာဟာ ဘာနဲ့မှ အစားထိုးလို့ မရပါဘူး။ နှင်း တို့တွေ လူဖြစ်လာဖို့အတွက် မိခင်ဟာ သူ့အသက်နဲ့ ရင်းပြီးမှ ရလာရတာပါ။ မိခင်ရဲ့မေတ္တာဟာလဲ ဘယ်အရာနဲ့မှ နှိုင်းလို့မရသလို မိခင်ကျေးဇူးကိုလဲ ဆပ်လို့မကုန်နိုင်ပါဘူး။ လူရယ်လို့ ဖြစ်မလာခင် မိခင်လုပ်သူဟာ ၀မ်းထဲမှာ ၉ လလွယ်ပြီးမှ ၁၀ လရောက်တဲ့အခါ ဖ၀ါး လက်နှစ်လုံး ပခုံးလက်နှစ်သစ် အရွယ် ကလေးငယ်လေးကို ဆင်းရဲ ပင်ပန်းမှုတွေ ကြားထဲက မွေးဖွားပေးခဲ့ရတာပါ။ မိခင်မေတ္တာ ဘယ်လောက်အထိကြီးမားသလဲဆိုရင် ခန္ဒာကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးတွေဟာ သားသမီးကို ချစ်တဲ့ စိတ်တွေ သားသမီးအပေါ်ထားတဲ့ မေတ္တာကြောင့် ဘယ်အာဟာရနဲ့မှ ယှဉ်မရနိုင်တဲ့ အားအင်ပြည့်ဝလှတဲ့ နို့ရည်အဖြစ် ပြောင်းလဲသွားပါတယ်။ အဲဒီအချိန် ရောက်တော့လဲ ကိုယ်စားသမျှအစားအစာဟာ သားသမီးအပေါ်ကို ထိခိုက်နိုင်တဲ့အတွက် အစားအစာတွေကို ရှောင်ကြဉ်ကြရပြန်ပါတယ်။ ဒါတွေဟာ သားသမီးအပေါ်ထားတဲ့ မိခင်တယောက်ရဲ့ မေတ္တာတွေပါ။

“ကိုယ့်ကိုမွေးဖွားပေးခဲ့တဲ့ မိခင်ဟာ ဘာကြီးပဲဖြစ်နေပါစေ အမေဟာအမေပါပဲ။ မကောင်းတဲ့ မိန်းမတယောက် ဖြစ်နေရင်တောင် အမေဟာ အမေပါပဲ။” လို့ ဆရာကြီး ဘဘ ဦးသုခက ပြောခဲ့ပါတယ်။ ကိုယ့်အမေက ပညာမတတ်လို့ စရိုက်ကြမ်းလို့ အကျင့်စာရိတ္တမကောင်းလို့ ဆိုတာတွေ အကြောင်းပြချက်တွေနဲ့ မိခင်ကို ပစ်ပယ်ချင်စိတ်တွေ မဖြစ်သင့်သလို အဲဒီစိတ်တွေလဲ မထားကောင်းပါဘူး။ မိခင်ကျေးဇူး ဘယ်လောက်ကြီးသလဲဆိုရင် ဗုဒ္ဓမြတ်စွာဘုရားတောင် နို့တလုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်။ နှင်းတို့လို လူသားတယောက်အနေနဲ့ ဆိုရင် နို့ရည်တစက်ဖိုးတောင် ကျေအောင်မဆပ်နိုင်ပါဘူး။ မိခင်ကျေးဇူးကို မဆပ်နိုင်ရင်တောင် ကျေးဇူးတော့ မကန်းမိအောင် နေရမှာပါ။

မြန်မာပြည်မှာ နေတုန်းက အမေများနေ့ကို အခုလောက်အထိ အရေးတယူလဲ သတိမထားမိပါဘူး။ အခုလိုလဲ သေသေချာချာ မစဉ်းစားမိပါဘူး။ ထိုင်ဝမ်ရောက်တော့မှ ဒီကလူတွေ မိခင်များနေ့ကို အရေးတယူပြုလုပ်ကြသလို အမေကိုလဲ အမှတ်တရပန်းစည်းလေးတွေ ကိတ်မုန့်တွေနဲ့ မိခင်ကြိုက်တဲ့ ပစ္စည်းလေးတွေ ၀ယ်ပေးတာတို့ အမေနဲ့အတူ မိတ်ဆုံစားကြတာတို့ အမှတ်တရ ပျော်ရွှင်စရာလေးတွေ ဖန်တီးပြီး မိခင်ကို ပျော်ရွှင်အောင် ပြုလုပ်ပေးကြပါတယ်။ မိခင်ကို အလေးထားကြောင်း ကျေးဇူးမမေ့ကြောင်းကို ဖော်ပြကြတဲ့ အလေ့အကျင့်လေးက အလွန်ကို ကြည်နူးဖို့ကောင်းသလို ကိုယ်တိုင်လဲ ကိုယ့်မိခင်ကို ပြုလုပ်ပေးသင့်ပါတယ်။ သားသမီးတွေက မမေ့မလျော့ ပြုလုပ်ပေးရင် အမေကလဲ စိတ်ထဲမှာ ပျော်ရွှင်ကြည်နူးရသလို ပီတိလဲ ဖြစ်ကြပါတယ်။

ကမ္ဘာပေါ်မှာရှိတဲ့အမေများအားလုံး စိတ်ချမ်းသာပျော်ရွှင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အမှားပြင်ဆင်ခြင်း...........ဗုဒ္ဓမြတ်စွာဘုရားက နို့တစ်လုံးးဖိုးပဲ ကျေပါတယ်လို့ မှားယွင်းစွာရေးသားမိပါတယ်။ အမှန်တော့ ဘုရားရှင်ဟာ နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်နိုင်ပါတယ် ဆိုတာကို အရှင်ဆန္ဒာဓိကက နို့နှစ်လုံးဖိုးလုံးကျေပါတယ် စာအုပ်မှာ ရေးသားထားပါတယ်။

1 comment:

၀ဿန်ဦး said...

အမနှင်းလေးရေ…
အမစိတ်မဆိုးဘူးဆိုရင် တစ်ခုလောက် ပြောပြချင်လို့ပါနော်။ အမပြောထားတဲ့အထဲက “မိခင်ကျေးဇူး ဘယ်လောက်ကြီးသလဲဆိုရင် ဗုဒ္ဓမြတ်စွာဘုရားတောင် နို့တလုံးဖိုးပဲ ကျေအောင်ဆပ်နိုင်ပါတယ်။” ဆိုတဲ့ စာကြောင်းကလေးပါ။ တကယ်တမ်းက ကျွန်တော်တို့ အားလုံးရဲ့ ဗုဒ္ဓမြတ်စွာဘုရားက နို့နှစ်လုံးဖိုးလုံး ကျေအောင်ဆပ်နိုင်ခဲ့ပါတယ်လို့ ဆရာတော် အရှင်ဆန္ဒာဓိက က “နို့နှစ်လုံးဖိုးကျေပါတယ်” ဆိုတဲ့စာအုပ်မှာ ရှင်းပြထားပါတယ်။ ကျွန်တော်လဲ အဲဒီစာအုပ်မဖတ်ရခင်က အမလိုပဲသိထားခဲ့တာပါ။ ကျွန်တော်သိတာလေးကို မျှဝေတာပါနော်….
ထိုင်ဝမ်က အမေများနေ့ ကျင်းပပုံလေးကိုသိရလို့ ဗဟုသုတလဲ တိုးပါတယ်။ အမေများနေ့ ပို့စ်လေးအတွက် ကျေးဇူးနော်အမ…..။ ( ကွန်မန့်ကနေ ပို့စ်ဖြစ်တော့မယ် :P )

နောက်လဲလာလည်နော်

Glitter Graphics