Saturday, 12 April 2008

မပြောင်းလဲစေချင်ပါ

နှစ်သစ်ရောက်ပြီဆိုတော့လဲ တစ်ယောက်နဲ့ တစ်ယောက် နှုတ်ခွန်းဆက်ကလေးတွေနဲ့ ပျော်ရွှင်စရာ အချိန်ကလေးပါပဲ။ သူငယ်ချင်းတွေဆီကို နှစ်သစ်ဆုတောင်းလေးတွေ ရေးပြီး ပို့ပေးကြပေမယ့် အပြင်မှာ လူချင်းတွေ့ရင် ပျော်ရွှင်စရာ နှစ်သစ်ဖြစ်ပါစေ ရယ်လို့ မပြောကြတာက ဘာလို့များလဲ။ တရုတ်နှစ်သစ်ကူးမှာဆိုရင် တစ်ယောက်နဲ့တစ်ယောက် တွေ့လိုက်တာနဲ့ ရှင်းနယဲန်ခွိုက်လော့ ရယ်လို့ ပြောဆိုနှုတ်ဆက်ကြပါတယ်။ နှစ်သစ်အတွက် ပျော်ရွှင်စရာဆုတောင်းလေးတွေရဲ့ အသံကလေးပါ။ သူတို့တွေမှာ ဒီလိုပြောဆို နှုတ်ဆက်ကြတာဟာ ရှက်စရာတစ်ခုလို့ မသတ်မှတ်ထားကြပါဘူး။ ဆုမွန်ကောင်း တောင်းပေးတာမို့ တစ်ဦးနဲ့တစ်ဦး ကျေးဇူးတင်ကြောင်း ပြောကြားရင်း ပျော်ရွှင်နေကြတာပါ။

မြန်မာတွေမှာ ဘာလို့များ အဲဒီလို ပြောဆို နှုတ်ဆက်ကြတာတွေကို မတွေ့မိသလောက်ပါပဲ။ မရှိဘူးလို့မပြောပါဘူး။ တွေ့ရနည်းနေတာပါ။ ရှက်ကြောက်နေကြတာလား။ ဒါမှမဟုတ် ပြောနေကြမဟုတ်လို့လား။ တကယ်တော့ အဲဒီလိုလေး ပြောဆို နှုတ်ဆက်တာဟာ အရမ်းကို ချစ်ဖို့ကောင်းတယ်လို့ ထင်ပါတယ်။ တစ်ဦးနဲ့တစ်ဦးလဲ ပိုပြီးရင်းနှီးစေပါတယ်။ နှင်း တို့တွေ မိုးလင်းလို့ အိမ်အပြင်ကို ရောက်တာနဲ့ ကိုယ်နဲ့ မျက်မှန်း တန်းမိတဲ့လူက နင်ဟောင် ဆိုပြီး နှုတ်ဆက်
တော့တာပါပဲ။ ကိုယ်ကလဲ နင်ဟောင် ဆိုပြီး ပြန်နှုတ်ဆက်ရပါတယ်။ တစ်ချို့ကလဲ ကြောင်(morning) ဆိုပြီး နှုတ်ဆက်ကြတယ်။ အလုပ်ထဲရောက်ပြန်တော့လဲ မနက်ခင်းရဲ့ နှုတ်ဆက်စကားလေးကို တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ပြောကြားကြပါတယ်။ သူဌေးမိုလို့ အလုပ်သမားမိုလို့ ဆိုတဲ့ ခွဲခြားမှုမရှိပဲ ရင်းရင်းနှီးနှီး ပြောဆိုနှုတ်ဆက်တာဟာ ချစ်စရာဓလေ့တစ်ခုပါ။

အခွင့်အရေးလေးရလို့ ဘန်ကောက်ကို တစ်ခေါက်ရောက်တော့ ချစ်စရာဓလေ့လေးတစ်ခုကို တွေ့ရပြန်တယ်။ လေယာဉ်ပေါ် စတက်တက်ချင်း စာဝါဒီခ(မင်္ဂလာပါ)လို့ လက်ကလေးနှစ်ခု ယှက်လို့ စပြီး နှုတ်ဆက်တော့တာပါပဲ။ မြို့ထဲကိုရောက်တော့ တစ်ဦးနဲ့တစ်ဦးတွေတိုင်း လက်ကလေးယှက်လို့ စာဝါဒီခ(မင်္ဂလာပါ) ဆိုတာပြီး ပြောဆိုကြတာဟာ ချစ်စရာကောင်းသလို ယဉ်ကျေးတဲ့ အမူအရာလေးလဲ တွေ့ရပါတယ်။ မိဘတွေကလဲ ကလေးတွေကို သင်ကြားပေးထားတာ အရမ်းကိုကောင်းပါတယ်။ ၃ နှစ်အရွယ် ကလေးလေးနဲ့ သူ့မိခင်တို့ နှင်း ရဲ့ဘေးနားမှာ ရှိနေချိန် သူတို့တွေရဲ့ မိတ်ဆွေကိုတွေ့တော့ အမေလုပ်သူဟာ တစ်ခုခုပြောလိုက်ပါတယ်။ ဘာဆိုတာကို မသိပေမယ့် ကလေးလေးက လက်ကလေးနှစ်ခုယှက်လို့ စာဝါဒီခ(မင်္ဂလာပါ) ရယ်လို့ နှုတ်ဆက်လိုက်ပါတယ်။ အော်မိခင်လုပ်သူက ကလေးကို နှုတ်ဆက်ဖို့ ပြောလိုက်တယ်ဆိုတာ သိလိုက်ရတယ်။ ယိုးဒယားလူမျိုးတွေဟာ သူတို့တွေရဲ့ ရိုးရာဓလေ့ကို ဆက်လက် ထိန်းသိမ်းနိုင်တာဟာ လေးစားစရာတစ်ခုပါပဲ။

မြန်မာတွေမှာလဲ ချစ်စရာဓလေ့တွေ အများကြီးပါ။ လူကြီးတွေ ဧည့်သည်တွေလာရင် နှုတ်ဆက်လိုက်ဦးလေလို့ ပြောရင် နေကောင်းတယ်နော် လို့ပြောဆိုနှုတ်ဆက်ကြတယ်။ လမ်းမှာလူချင်းတွေ့ရင် ဘယ်သွားမလို့လဲ ဘယ်ကပြန်လာတာလဲ ဆိုပြီး နှုတ်ဆက်ကြတယ်။ “မင်္ဂလာပါ” ဆိုတဲ့ စကားက စာသင်ကျောင်းတွေမှာပဲ ကြားရတော့တယ်။ ခေတ်စနစ်တွေ ပြောင်းလာလို့ပဲလား လူကြီးတွေက မသင်ပေးလို့ပဲလား မေ့လျော့နေကြလို့လား ။ ဘယ်ခေတ်ပဲ ရောက်နေနေ ခေတ်နဲ့အညီပြောင်းလဲတာကောင်းပေမယ့် ယဉ်ကျေးမှုလေးတွေကိုတော့ မမေ့လျော့စေချင်ဘူး။

1 comment:

Dr. Yi Yi Win said...

ရေလောင်းသွားတယ်နော်နှင်းလေးရေ။

နောက်လဲလာလည်နော်

Glitter Graphics