Friday, 11 April 2008

သင်္ကြန်ရောက်ပြီတဲ့.......

မနက်ဖြန် ဘာနေ့လဲဟင်လို့ မာမားကိုမေးကြည့်တော့ သင်္ကြန်အကြိုနေ့တဲ့လေ။ အင်း ဒီလိုညဆိုရင် မြန်မာပြည်မှာတုန်းက အတာအိုးလေးကို ပြင်ဆင်ပြီး စားပွဲလေးပေါ်တင်ထားပြီးပြီ။ အခုတော့ အတာအိုးဆိုတာ မပြောနဲ့ သင်္ကြန်ဆိုတာဘာမှန်း ဘယ်နေ့ရောက်မယ်ဆိုတာတောင် မသိတဲ့ ဘ၀ရောက်နေတယ်။ မြန်မာပြည်ကို ဖုန်းဆက်တော့ အန်တီအငယ်က မနက်ဖြန် သင်္ကြန်အကြိုရောက်ပြီ ဖွားဖွားကတော့ ဘုန်းကြီးကျောင်းမှာ သီလသွားယူမယ်တဲ့။ ကြားရတာ စိတ်ထဲမှာ အရမ်းကို အေးချမ်းပါတယ်။ ကိုယ့်မှာတော့ ဘုန်းကြီးကျောင်းဆိုတာ ဘယ်နားနေမှန်းမသိ။ တရားဆိုတာ အခွေထဲမှာပဲ ကြားနေရတယ်။ ဘုရားရိပ် တရားရိပ်နဲ့ ဝေးနေခဲ့တာ ၃ နှစ်ထဲရောက်နေပြီ။ စားဝတ်နေရေး ဆိုတဲ့ ဘ၀ကပေးတဲ့ တာဝန်တွေကို ထမ်းနေရတာနဲ့ ကိုယ့်ကိုကိုယ် ဘာမှန်းတောင် မသိတဲ့ဘ၀ ရောက်ရောက်သွားတယ်။

မြန်မာပြည်မှာ ရှိနေတုန်းကတော့ သင်္ကြန်မရောက်ခင်ထဲက ဘာလုပ်မယ်ဆိုတဲ့ အတွေးလေးနဲ့ ပျော်နေခဲ့တယ်။ အခုများတော့ သင်္ကြန်ဆိုတာကို လွမ်းတယ်ဆိုတဲ့ အပြောလေးကလွဲရင် ဘာမှမလုပ်နိုင်တဲ့ ဘ၀ကိုရောက်နေရတယ်။ ၁၂ ၁၃ အရွယ်လောက်အထိပဲ သင်္ကြန်ဆိုတာကို လည်ခဲ့ဘူးတဲ့ လူတစ်ယောက်အတွက် သင်္ကြန်မှာ မလည်ရလဲ ဘာမှတော့ မထူးဆန်းပေမယ့် အိမ်ထဲကနေ ထိုင်ပြီး သူများတွေပျော်နေတာကို ကြည့်ရတဲ့ ဘ၀လေးကိုလဲ လွမ်းမိပါတယ်။ အိမ်မှာ မုန့်မျိုးစုံလုပ်ပြီး အိမ်နီးနားချင်းတွေကို လိုက်ပေးရတာကလဲ စိတ်ချမ်းမြေ့စရာပါ။ အခုတော့ ဒီအခွင့်အရေးတွေ မရတဲ့ နေရာမှာ နေနေရတယ်။

သင်္ကြန်ဆိုတာကို ဘာမှန်းမသိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်နေရတဲ့ လူအဖို့ သင်္ကြန်ရင်ခုန်သံဆိုတာကို ဘာမှမခံစားနိုင်ဘူး။ အဲဒါကြောင့်လည်း အဝေးရောက်နေတဲ့ မြန်မာတွေက သင်္ကြန်ဆိုရင် အရောက် ပြန်ချင်ကြတာပါ။ အင်း နောက်နှစ်သင်္ကြန်ဆိုရင် ကိုယ်ရော ပြန်သွားဖို့ အခွင့်အရေးလေးများ ရခဲ့ရင်တော့..................................

1 comment:

စိုးထက် - Soe Htet ! said...

မင်္ဂလာပါ ခင်ဗျာ ... နှစ်သစ်မှာ ပျော်ရွှင် အဆင်ပြေပါစေ ... :)

နောက်လဲလာလည်နော်

Glitter Graphics