တစ်ခါတုန်းက မြို့တစ်မြို့မှာ လှေကွဲကြီးကို ခတ်ထားတဲ့ သော့တွဲကြီးကို ခါးမှာဆွဲပြီး အမြဲသွားလာနေတဲ့ အမျိုးသား တစ်ယောက်ရှိတယ်။ အဲလိုပဲ လူတွေအထင်ကြီးအောင် ကြေးလက်ကောက်တွေဝတ်ထားတဲ့ အမျိုးသမီး တစ်ယောက်လဲရှိတယ်။ တစ်နေ့တော့ သော့တွဲကြီးချိတ်ထားတဲ့ အမျိုးသားက ကြေးလက်ကောက်တွေ ၀တ်ထားတဲ့ အမျိုးသမီးကို တွေ့သွားပြီး “ဒီအမျိုးသမီးကတော့ လက်ကောက်တွေအများကြီးနဲ့ သူ့ကိုသာယူလိုက်ရင် စီးပွားရေးအစဉ်ပြေမှာပဲ” လို့ တွေးမိတယ်လေ။ ဒီလိုပဲ ကြေးလက်ကောက်တွေ ၀တ်ထားတဲ့ အမျိုးသမီးကလဲ သော့တွဲကြီး ချိတ်ပြီး သွားလာနေတဲ့ သူကို မြင်တော့ “ဒီလူကခါးမှာ သော့တွဲကြီးချိတ်ထားတယ်။ မီးခံသေတ္တာသော့ဖြစ်မှာပဲ။ သူ့ကိုသာ လက်ထပ်လိုက်ရင် ချမ်းသာပြီ” ဆိုပြီးတွေးလိုက်တယ်။ ဒီလိုနဲ့ နှစ်ဦးသား တစ်ယောက်ကိုတစ်ယောက် အထင်တွေကြီးပြီး အိမ်ထောင်ပြုလိုက်ကြတယ်။ အိမ်ထောင်ပြုပြီးတော့ အမျိုးသမီးက အမျိုးသားကို စီးပွားရေးလုပ်ရအောင် အရင်းအနှီးထုတ်ခိုင်းတာပေါ့။သော့တြွဲကီးချိတ်ထားတဲ့သူကလဲ သူ့မှာပိုက်ဆံမရှိဘူးပြောတာပေါ့။ ဒီတော့ အမျိုးသမီးက “ခါးမှာချိတ်ထားတာ မီးခံသေတ္တာသော့မဟုတ်ဘူးလား” မေးတာပေါ့။ ဒီတော့မှ အမျိုးသားက “ဒါက မီးခံသေတ္တာသော့မဟုတ်ဘူး။ သုံးမရပဲ ကွဲနေတဲ့ လှေကြီးကို ခတ်ထားတဲ့ သော့တွဲကြီး” လို့ ဖြေလိုက်တယ်။ အဲဒီတော့မှပဲ အမျိုးသမီးက သူထင်နေတဲ့ သူဌေးမဟုတ်ဘူးဆိုတာ သိသွားတာပေါ့။ အမျိုးသားက “ငါ့မှာတော့ ဘာမှမရှိဘူး။ မင်းဝတ်ထားတဲ့ လက်ကောက်တွေ ချွတ်ရောင်းပြီး အရင်းအနှီးလုပ်ရအောင်” လို့ ပြောတာပေါ့။ အဲဒီတော့မှ အမျိုးသမီးကလဲ “လက်ကောက်တွေက ရွှေအစစ်တွေမဟုတ်ဘူး။ ကြေးလက်ကောက်တွေလေ” လို့ပြောလိုက်တယ်။ တစ်ယောက်ကိုတစ်ယောက် အထင်ကြီးပြီး အိမ်ထောင်ပြုခဲ့တဲ့ သူတို့နှစ်ယောက် ဘာမှမရှိမှန်းလဲသိရော နှစ်ဦးသဘောတူ လမ်းခွဲပြီး ကြုံရာကျပန်း လုပ်ကိုင်ပြီး အမြို့မြိုကအနယ်နယ် လှည့်ပြီး စီးပွားရှာကြတယ်။ ဒီလိုနဲ့ အမျိုးသားကလဲ အငြိမ့်အဖွဲထဲဝင်ပြီး လင်ကွင်းတီးတဲ့ဆရာ ၀င်လုပ်နေတယ်။ အငြိမ့်လဲထွက်ရော အမျိုးသမီးက သီချင်းဆိုပြီး ကတောပေါ့။ လင်ကွင်းတီးတဲ့လူက “ဒီအသံကို ငါကြားဘူးပါတယ်” ဆိုပြီး ကြည့်လိုက်တော့ အရင်တုန်းက သူ့မိန်းမ ဖြစ်နေတယ်။ ဒါနဲ့ပဲ လင်ကွင်းကို အားရပါးရ တီးတော့တာပေါ့။ စင်ပေါ်က ကနေတဲ့သူကလဲ အောက်ကလင်ကွင်းက အရမ်းကိုတီးနေပါလားဆိုပြီး ကြည့်လိုက်တော့ တစ်ခါက သူ့ယောကျာင်္း ဖြစ်နေတာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ကြည့်ပြီး လင်ကွင်းသမားကလဲ တီးကောင်းကောင်းနဲ့တီးလိုက်တာ လင်ကွင်းရဲ့ဘုပဲ ကျန်တော့တယ်။ ကနေတဲ့သူကလဲ ကကောင်းကောင်းနဲ့ ခြေခပ်ကလိုက်တာ အထက်ဆင်ပဲကျန်တော့တယ်။ တစ်ယောက်နဲ့တစ်ယောက် အတူမနေချင်လို့ လမ်းခွဲလိုက်တာပါပဲ။ ဒါပေမယ့်လည်း အတိတ်ရေစက်က ပါလာတော့ အငြိမ့်တစ်ဖွဲထဲမှာ လင်ကွင်းဆရာနဲ့ အငြိမ့်သမ အဖြစ်လာပြန်ဆုံကြရတယ်။
အတိတ်ကံရေစက် ပါလာတော့ တစ်ယောက်နဲ့တစ်ယောက်လာဆုံကြရတယ်။ ကိုယ်ကမဆုံချင်လို့ ဘယ်လိုပဲရှောင်ရှောင် ရေစက်မကုန်တော့လဲ ပြန်ဆုံကြရတယ်။
1 comment:
ကိုယ်ကမဆုံချင်လို့ ဘယ်လိုပဲရှောင်ရှောင် ရေစက်မကုန်တော့လဲ ပြန်ဆုံကြရတယ်။
ဟုတ်မယ်ထင်တယ်နော် ၊ ပုံပြင်လေးကောင်းတယ်ဗျ ။
Post a Comment