“လောကမှာ ရှိရှိသမျှ မီးအားလုံးထဲမှာ ရာဂမီး သို့မဟုတ် အချစ်မီးဟာ အနှိုင်းမဲ့မီး ဖြစ်ပါတယ်” လို့ အရှင်ဆန္ဒာဓိက ကပြောထားတယ်။ တကယ်လည်းဟုတ်ပါတယ်လေ။ တစ်ခြားမီးတွေက မလိုချင်ရင် ငြိမ်းလိုက်လို့ရပါတယ်။ အချစ်မီးကတော့ အချစ်ဘုးရယ်လို့လဲ ငြိမ်းသတ်လို့မရဘူးလေ။ မချစ်ခင်ကလဲ မချစ်မိအောင် ကြိုးစားပြီးနေလို့လဲရမှမရတာ။ ချစ်ပြီးရင်လဲ ချစ်တဲ့အလျှောက်ပူပင်မှုကလဲ ရှိလာပြန်တယ်။ ချစ်ပြီးရင်တော့ အပူအပင်တွေက နောက်ကနေတန်းစီပြီးကို လိုက်လာတာ။ မိဘက သားသမီးကို ချစ်တော့လဲ ပူပန်ရတာပဲ။ သားသမီးတွေကို ကောင်းစားစေချင်၊ သားသမီးလေးတွေကို တော်စေတတ်စေချင်တော့ အမျိုးမျိုးပူပန်နေကြရတယ်။ သူငယ်ချင်းကိုချစ်တော့လဲ ပူပန်ရတာပဲ။သူငယ်ချင်းက ငါခင်သလိုခင်ပါ့မလား? ငါ့ထက်တစ်ခြားသူကိုပိုခင်နေလား? ဆိုတဲ့အတွေးတွေနဲ့ပူရပြန်တာပဲ။ ချစ်သူချင်းချစ်တော့လဲ ပူပန်ရပြန်တာပဲ။ ချစ်သူတွေကြတော့ ပိုပြီးပူပင်မှုများတယ်လို့ထင်တယ်။ အဲဒီလိုပူပင်မှုတွေက မကောင်းမှန်း သိပေမယ့်လည်း ဘယ်သူမှမရှောင်လွှဲနိုင်ကြဘူး။ အနည်းနဲ့အများဆိုတာပဲကွာပါတယ်။ ပူပင်မှုမရှိအောင်တော့ ကိုယ့်စိတ်ကိုမထိန်းနိုင်ကြဘူး။
သူကတော့ ဘယ်တော့မှကို မပူတတ်ဘူးလို့ သူတစ်ပါးကို အပေါ်ယံကြည့်ပြီး မပြောလိုက်နဲ့နော်။ သူ့စိတ်ထဲမှာဘယ်လောက်ထိ ပူပန်နေရတယ်ဆိုတာ နှင်း တို့မှမမြင်နိုင်တာ။ အရာအားလုံးပြည့်စုံနေလို့ ပူပင်မှုမရှိဘူးလို့ထင်ရင် မှားမယ်နော်။ လူတွေဟာ သူ့ဟာနဲ့သူတော့ ပူပင်နေကြတာပါပဲလေ။ ပူပင်မှုကို တတ်နိုင်သမျှနည်းအောင်တော့ စိတ်ကိုကျင့်ကြရမှာပါ။ သဘာဝအတိုင်းဖြစ်နေတဲ့အရာတစ်ခုကို တွေးပြီးပူမနေနဲ့နော်။ ကိုယ်ကပူနေလဲ ဖြစ်နေကြအရာတစ်ခုက ဖြစ်ကိုဖြစ်မှာပဲလေ။ ကိုယ်မှလိုက်ပြီးမပြုပြင်နိုင်တာ။ ပြောသာပြောနေရတာ နှင်း ကိုယ်တိုင်ကြတော့လဲ မကျင့်နိုင်ဘူလေ။ ဒါပေမယ့်လည်း အရင်၂ နှစ်လောက်ကထက်စာရင်တော့ အခုလက်ရှိမှာ သိပ်ပြီးမပူတတ်တော့ဘူး။ မဖြစ်သေးတာတွေကို တွေးပြီးမပူမိအောင် ကိုယ့်ကိုကိုယ် အမြဲသတိထားနေရတယ်။ ပူပင်မှုရှိခဲ့ရင်လည်း တတ်နိုင်သမျှ စိတ်ထဲကနေ မြန်မြန်မောင်းထုတ်နိုင်အောင် လေ့ကျင့်နေရတယ်။ ဘယ်တော့များမှ ပူပင်မှုမရှိတဲ့ အချိန်ကိုရောက်မလဲမသိဘူးနော်။ အားလုံးပဲ ပူပင်မှုတွေနဲ့ဝေးတဲ့ဘ၀တွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမိပါတယ်။

No comments:
Post a Comment