Thursday 13 August 2009

အမိမြေသို့ အပြန်ခရီး


မြန်မာပြည်ကို ပြန်ရတော့မယ်ဆိုတော့ စိတ်ထဲမှာ ပျော်နေမိတာ ဘယ်လိုမှ ရှင်းမပြတတ်ပါဘူး။ စိတ်ကူးထဲမှာ ပြန်ရောက်တာနဲ့ ဘာလုပ်မယ်။ ဘယ်လိုနေမယ်။ အတွေးပေါင်းများစွာနဲ့ ပျော်နေမိပါတယ်။ ၃ နှစ်ကျော်ဆိုတဲ့ အချိန်အတွင်းမှာ တော်တော်တိုးတက်လာမှာပဲဆိုပြီး မျှော်လင့်ချက်ကလေးနဲ့ပေါ့။ တတ်နိုင်ရင် ထိုင်ဝမ်ကို ပြန်မလာတော့ဘူး။ မြန်မာပြည်မှာပဲ နေတော့မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါသေးတယ်။ ဒါတွေက ထိုင်ဝမ်ကနေ ပြန်ခါနီး စိတ်ကူးလေးတွေပါ။ သူငယ်ချင်းတချို့ကိုတောင် ပြောခဲ့မိတယ်။ ပြန်မလာချင်တော့ဘူးရယ်လို့ပေါ့။
အဲလိုစိတ်ကူးလေးတွေနဲ့ လေယာဉ်ပျံကြီးစီးပြီး ပြန်လာခဲ့တာပေါ့။ လေယာဉ်ပေါ်မှာလဲ သားအမိနှစ်ယောက်သား ပျော်နေကြတာလေ။ ဟော လေဆိပ်ကိုရောက်ခါနီး ကောင်းကင်မှာ လေယာဉ်ဝဲနေတဲ့အချိန် အောက်ကိုကြည့်လိုက်တော့ ဖြောင့်ဖြူးနေတဲ့ လမ်းကြောင်းကြီးကို တွေ့လိုက်ရတယ်။ မာမား အဲဒီလမ်းကြောင်းကြီးက ဘာကြီးလဲမသိဘူးနော် ဆိုပြီး မေးပြော ပြောမိပါတယ်။ ဘေးပတ်လည်မှာလဲ ဘာအဆောက်အဦးမှ မရှိပဲ အဲဒီလမ်းကြီးက ဘာလုပ်တာလဲ မသိဘူးပေါ့။ ထိုင်ဝမ်သွားတုန်းက လေယာဉ်ပေါ်ကနေကြည့်တော့ ဒါကြီး မရှိပါဘူးပေါ့။ အတွေးပေါင်းစုံနဲ့ ဟိုကြည့်လိုက်ဒီကြည့်လိုက်နဲ့ပေါ့။ ဒီလိုနဲ့ လေယာဉ်က မြေပြင်ပေါ်ကို ရောက်ပြီး သူရပ်ရမယ့် ဂိတ်စီကို တဖြည်းဖြည်းချင်း ကပ်လိုက်ပါတယ်။ အော် ဒီတခါတော့ အသွားတုန်းကလို နေပူပူမှာ လေယာဉ်လှေခါးပေါ်တက်ရတဲ့ ဒုက္ခကနေ လွတ်သွားပြီဆိုပြီး ၀မ်းသာမိပါတယ်။
လေဆိပ်ရောက်ပြီဆိုတော့ ကိုယ့်အထုတ်ကိုယ်ဆွဲလို့ လူဝင်မှုကြီးကြပ်ရေးဆီကိုသွားဖို့အတွက် အောက်ထပ်ကို ဆင်းရပါတယ်။ ဘယ်လောက်မှ မသွားရပါဘူး လူဝင်မှုကြီးကြပ်ရေးကို ရောက်တာပါပဲ။ တခြားနိုင်ငံတွေမှာလို အချိန်အကြာကြီး သွားရရင် မောမှာစိုးလို့ ခပ်နီးနီးပဲ ဆောက်ပေးထားတာပါလို့ တွေးလိုက်မိတယ်။ လေဆိပ်ကို သေးသေးလေးနဲ့ အသုံးပြုလို့ရအောင် လုပ်ထားတာကလဲ ကောင်းပါတယ်လေ။ ကောင်တာကလဲ အများကြီး မဟုတ်တော့ တွေ့တာနဲ့ တမ်းဝင်ပါပဲ။ ထိုင်ဝမ်မှာဆိုရင်တော့ ဆိုပြီး အတွေးကိုရပ်ထားလိုက်မိပါတယ်။ နှင်းတို့ကတော့ ထုံးစံအတိုင်း လုပ်ဆိုတော့ အဆင်ပြေပြေ စာအုပ်ကလေးပြပြီး ထွက်ခဲ့ရပါတယ်။ တချို့တချို့တွေကတော့ အင်း............ ဘာလို့လဲမသိပါဘူး။ ဒီလိုနဲ့ လာကြိုဖို့ ငှားထားတဲ့ ကောင်လေးက နှင်းတို့ သားအမိနှစ်ယောက်ကို ပစ္စည်းရွေးတဲ့နေရာကို ခေါ်သွားပါတယ်။ ပစ္စည်းရွေးပြီးတော့ အကောက်ခွန်ကို တခါဖြတ်ရပါတယ်။ ထုံးစံအတိုင်း အိတ်တွေကို ဖွင့်ပြရပြန်ပါတယ်။ အဲဒီနေရာတွေကို ဖြတ်ရတဲ့အချိန်တွေမှာ တော်တော် ရင်ခုန်ရပါတယ်။ ဘာလို့လဲလို့ မမေးနဲ့နော်။ တခုခုများ အခန့်မသင့်ရင် ဘယ်လိုလုပ်မလဲ။ သွားဖူးတဲ့လူုတိုင်းသိကြမှာပါ။ အဲဒါတွေကို အဆင်ပြေပြေဖြတ်ပြီးတော့မှပဲ လာကြိုကြတဲ့ အဒေါ်နဲ့ ဖွားဖွားကို တွေ့ရပါတယ်။
လေဆိပ်ထဲက ထွက်တယ်ဆိုတာနဲ့ ၀တ်လာတဲ့အနွေးထည်တွေကို ချွတ်လို့ အား ပူလိုက်တာလို့ ညည်းတွားမိတယ်။ ၂ လပိုင်းဆိုတော့လဲ ပူပြီပေါ့။ ကျောင်းသားတွေလဲ ကျောင်းပိတ်ပြီလေ။ ရန်ကုန်မြို့ကြီးကတော့ ဟိုးအရင် ၃ နှစ်ကျော်ကလောက် မစည်ကားတော့ဘူးလို့ ထင်မိပါတယ်။ တိုးတက်လာတာတွေလဲ ရှိပါတယ်။ သွားရင်းလာရင်းနဲ့ တွေ့တာကတော့ ကောင်မလေးတွေ တော်တော်များများ ထမီမ၀တ်တော့တာရယ် လက်ထဲမှာ ဖုန်းလေးတွေကို ကိုင်တာရယ်က တော်တော်တိုးတက်လာပါတယ်။ ဒီလိုနဲ့ စကားတွေပြောလိုက် ဘေးဝဲယာကြည့်လိုက်နဲ့ပေါ့။ အိမ်ရောက်ခါနီးကြတော့ ဟင် ဒီနားမှာဆောက်ထားတဲ့ အမှိုက်ကန်က ဘယ်ရောက်သွားလဲလို့ အဒေါ်ကို မေးကြည့်တော့ မသိပါဘူးကွယ် ဖျက်ပစ်လိုက်ပြီတဲ့။ ဒါဆိုရပ်ကွက်ထဲကလူတွေ ဘယ်မှာအ မှိုက်ပြစ်ကြလဲဆိုတော့ ဟိုးဘေးက မြောင်းထဲကို ပြစ်ကြတယ် တဲ့လေ။ အော် ...ဆိုတာကလွဲလို့ ဘာမှမပြောဖြစ်ခဲ့ပါဘူး။ မှတ်မိသေးတယ် ခပ်ငယ်ငယ်တုန်းက လမ်းထဲကို အမှိုက်သိမ်းတဲ့ကားလာရင် ခေါင်းလောင်းသံကို ကြားရပါတယ်။ အဲဒီအခါကြရင် အိမ်တိုင်းက အမှိုက်ပုံးတွေ အမှိုက်ထုပ်တွေဆွဲလို့ သွားသွန်ကြတယ်။ နည်းနည်းလေး ကြီးလာတော့ ကားက ပုံမှန်မလာနိုင်တော့ အမှိုက်သွန်ရတာလွယ်အောင် ရပ်ကွက်ကလူတွေက အမှိုက်ကန်ဆောက်လိုက်ကြတယ်။ ကား မလာလဲ အမှိုက်ကန်မှာ သွားသွန်ကြတယ်။ ကားကတော့ ၁ ပတ်ကို ၂ ခါလောက်ပဲ ကန်မှာလာသိမ်းတော့တယ်။ အခုတော့ ဘယ်ကားမှလဲ မလာတော့သလို နီးရာရေမြှောင်းမှာသွန်ရတယ်ဆိုတော့ အင်းးးးးးးးးးးးး ဆိုပြီးပဲ သက်ပြင်းချမိပါတယ်။ ဒါက အခုမှ မြန်မာပြည်ကို ရောက်ရောက်ချင်းတွေ့ရတဲ့ အရာတစ်ခုပါ။ နောက်ထပ်ဘာတွေထပ်တွေ့ရဦးမလဲ ..........

1 comment:

ရွှန်းမီ said...

သက်ပြင်းတွေ ကူချပေးသွားတယ် မနှင်း ...

နောက်လဲလာလည်နော်

Glitter Graphics