Sunday 16 August 2009

စိတ်ကူးနဲ့လက်တွေ့

နယ်မြို့လေးက ဘာမှမပြောင်းလဲပါဘူး။ ဟိုးအရင်တုန်းကလိုပါပဲ။ ခြံဘေးကပ်လျက်က ငယ်သူငယ်ချင်းကတော့ အိမ်ထောင်ကျသွားလို့ ကလေးအမွှာလေး ၂ ယောက်ရဲ့ မိခင်ဖြစ်နေပါပြီ။ အရင် သူရှိတုန်းကတော့ နယ်ကိုပြန်တိုင်း အတူတူ ကစားဖော်ရှိပါတယ်။ အခုတော့ တယောက်ထဲဖြစ်နေပါတယ်။ သူ့အိမ်ကိုသွားလည်တော့ သူ့ကလေးလေးတွေရဲ့ ပုံလေးတွေကြည့်ရင်း အရင်ကအကြောင်းတွေကို သူ့အမေနဲ့ ပြောဖြစ်ခဲ့တယ်။ သူငယ်ချင်းကတော့ အမျိုးသားဘက်ကို လိုက်နေတဲ့အတွက် မတွေ့ခဲ့ရပါဘူး။ သူ့ကလေးတွေကို ကြည့်မှပဲ ကိုယ့်အသက်ပိုကြီးလာတာကို သတိထားမိပါတယ်။

နယ်ကိုရောက်တော့ အမျိုးတွေကလာနှုတ်ဆက်ကြ စကားတွေပြောကြနဲ့ ပျော်စရာကောင်းသလို စိတ်လဲအရမ်းလွတ်လပ်ပါတယ်။ ကိုယ်သိသမျှ လူတွေအကြောင်းမေးလိုက် ကိုယ်ကပြောလိုက်နဲ့ ရောက်ပြီး ၂ ပတ်လောက်အထိကို မအားရပါဘူး။ အလုပ်လုပ်နေတာတောင် ပိန်မသွားတဲ့နှင်းကို ၀ိုင်းစကြတာပေါ့။ ပြန်ရောက်ရင် မြန်မာမုန့်တွေ အကြိုက်စားမယ်ဆိုတဲ့ အကြံအတိုင်း ဈေးသွားရင်လိုက်သွားပါတယ်။ ရွှေရင်အေးစားချင်တယ်ဆိုပြီး ညီမလေးကို ၀ယ်ကျွေးခိုင်းပါတယ်။ အိမ်ကိုရောက်လို့ စားတဲ့အခါမှာတော့ သကြားအရသာဆိုတာထက် ဆေးသကြားလည်းမဟုတ် သူတို့ပြောတာကတော့ ပါဝါသကြားဆိုတဲ့ အရသာကပိုနေပါတယ်။ မနက်လင်းလို့ ပဲပြုတ်ဝယ်စားတော့လဲ ထန်းလျှက်အပြင် အဲဒီပါဝါသကြားဆိုတာပါ ထည့်ပြုတ်ထားတော့ ချိုရဲရဲ ဖြစ်နေပြန်ပါတယ်။ နောက်ရက် မာမား ဆီးချိုတိုင်းတဲ့အခါမှာတော့ အရင်ထက်ကို အများကြီးမြင့်နေပါတော့တယ်။ ထိုင်ဝမ်မှာနေတုန်းက တခါမှ အဲလောက်အများကြီး မတက်ဘူးပဲ မြန်မာပြည်ပြန်ရောက်မှပဲ အခုလိုဖြစ်ရတယ်ဆိုပြီး နောက်နေ့ကစပြီး ၀ယ်မစားဖြစ်တော့ပါဘူး။ အစားအစာတွေမှာ အခုလို လုပ်ရောင်းကြတော့ ၀ယ်စားတဲ့လူတွေ တော်တော်အန္တရာယ်များပါတယ်။

ရောက်ပြီး သိပ်မကြာပါဘူး လက်ဖက်တွေထဲမှာ ဆိုးဆေးတွေပါလို့ ပိတ်တယ်ဆိုပြီး သတင်းကကြော်ငြာပြန်ပါတယ်။ ကိုယ့်စိတ်ကူးထဲကအတိုင်း စားချင်တာတွေကို မစားရဲတဲ့ဘ၀ဖြစ်သွားပါတယ်။ အသုပ်စားမယ်ဆိုပြီး ၀ယ်စားပြန်တော့လဲ အဆင်မပြေသလို နောက်နေ့မှာတော့ ဗိုက်ကပြဿနာတက်ပါတော့တယ်။ ခပ်ငယ်ငယ်က ထိုင်ဝမ်က ဦးလေးတွေ အဒေါ်တွေ လာလည်လို့ ဗိုက်နာရင် နှင်းက ရယ်ခဲ့တာပါ။ အစားသရမ်းတာကို ဖြစ်မှာပေါ့ဆိုပြီး ပြောပြောခဲ့တာ အခုတော့ ကိုယ့်အလှည့်ဖြစ်နေပါတယ်။ ဘေးလူတွေက ဘ၀င်မြင့်တယ် ဘာဖြစ်တယ်ဆိုပြီး ထင်ချင်ပြောချင်ပြောပါမယ်။ ဒါပေမယ့် တကယ်ခံစားရတာပါ။ ရုတ်တရက် အစားအသောက်ပြောင်းတာကြောင့်လို့ ထင်တာပါပဲ။

ကွန်ပျူတာသုံးချင်လို့ မီးဘယ်အချိန်လောက်လာသလဲလို့ မေးမိတော့ လာချင်တဲ့အချိန်လာသလို ၃ ရက်လောက်မှလဲ ၁ ခါလာတတ်ပါတယ်တဲ့။ တော်တော်များများအိမ်တွေကတော့ ကိုယ်ပိုင်မီးစက်ကလေးတွေ အင်ဗာတာတွေနဲ့ သုံးကြပါတယ်တဲ့လေ......ကဲ ဒါဆိုရင်လည်း ထားလိုက်ပါတော့ ဆိုပြီး အိတ်ထဲကိုပြန်ထည့်ရင်း သိမ်းထားလိုက်ရပါတယ်။ မရောက်ခင်တုန်းကစိတ်ကူးက အိမ်ဖုန်းကနေ ကဒ်ထည့်ပြီး အွန်လိုင်းတက်မယ် ။ ဘလော့ဂ်မယ်ဆိုတဲ့ စိတ်ကူးက ဘယ်ဆီရောက်သွားမှန်းတောင် မသိတော့ပါဘူး။ ရန်ကုန်က နှင်းငယ်ငယ်ထဲက စာသင်ခဲ့တဲ့ အစ်မဆရာမတွေကလဲ အားပေးရှာပါတယ်။ ပိုက်ဆံပေါနေရင်တော့ ကဒ်နဲ့အွန်လိုင်းသုံးပေါ့ဟယ်.... ကွန်နက်ရှင်စောင့်ရတာနဲ့ ချိတ်နေတာနဲ့တင် ကဒ်ကကုန်သွားမှာနော်တဲ့........ရန်ကုန်မှာတောင် သုံးရတာမကောင်းတာ နယ်မှာပိုဆိုးမယ်နော်တဲ့ .....စတဲ့စကားသံတွေကိုကြားပြီး စိတ်ကူးတွေကိုလက်လျှော့ခဲ့ပါတယ်။ အစ်မတွေပြောတာ မှန်တယ်ပြောရမလားပဲ။ နယ်မှာရှိတဲ့ အိမ်ဖုန်းလိုင်းက ခဏခဏ ပြတ်နေပါတယ်။ ဖုန်းပြောနေရင်းနဲ့ကို လိုင်းကပြတ်သွားပါတယ်။ နောက် နာရီဝက်လောက်ကျရင် ပြန်ကောင်းနေပြန်ရော ......ဒါနဲ့ အန်တီကိုမေးကြည့်တော့ လိုင်းမန်းတွေက တမင်ဖြတ်တာပါတဲ့။ ဘာလို့အဲလိုလုပ်တာလဲဆိုတော့ သူတို့လဲမသိဘူး။ ဒီလိုကဖြစ်နေကျတဲ့လေ။ တကယ်လို့များ သေရေးရှင်ရေးဆိုရင် ဘယ်လိုလုပ်မလဲ။ အလွယ်တကူ ဆက်သွယ်ရအောင် ပိုက်ဆံတွေအကုန်ခံပြီး တပ်ထားကြတာပါ။ အခုတော့ ကိုယ်လိုချင်သလို မသုံးရတဲ့ဘ၀ရောက်နေတယ်။

သိပ်မကြာပါဘူး ၁ လလောက်နေပြီးတော့ ဟန်းဖုန်းတွေချပေးပါတယ်။ လိုချင်လို့ ရတဲ့လူတွေရှိပေမယ့်လည်း လိုချင်ပြီးမရတဲ့လူတွေနဲ့ ကလည်းရှိပြန်တယ်။ အဲဒီမှာ ကိုယ်ကလည်း မလိုပါဘူး။ ဒါပေမယ့် ရရင်ရောင်းစားမယ်ဆိုပြီး လျှောက်လို့ ပေါက်တဲ့လူတွေလဲရှိပါတယ်။ စားဝတ်နေရေးအတွက် အခုလိုလုပ်ကြပါတယ်။ ဖြစ်ချင်တော့ ဖုန်းဈေးတွေက မတက်တဲ့အပြင် အမြတ်ပေးပြီး ပြန်ဝယ်မယ့်သူကလည်းမရှိတော့ ကိုယ်ထင်သလိုတွေ ဖြစ်မလာတော့ဘူးပေါ့။ ကိုယ်သုံးမယ်ဆိုပြီး လျှောက်ထားတာမဟုတ်တဲ့အတွက် အစိုးရဆီကနေ သွားမထုတ်ကြပါဘူး။ အဲဒီမှာ တကယ်အသုံးလိုပြီး မရတဲ့လူတွေက ကြားကနေ စိတ်ညစ်ရပါတယ်။ တကယ်လိုအပ်မှလျှောက်မယ်ဆိုရင် အခုလိုမျိုးတွေ ဖြစ်လာမှာမဟုတ်ပါဘူး။ အဲလိုတွေပြီးလို့ ဖုန်းတွေထုတ်ပြီး သုံးကြတော့လဲ ပြဿနာကတက်ပါတော့တယ်။ ဖုန်းကို အိမ်ထဲမှာပြောရင် လိုင်းကမမိတော့ပဲ အော်ပြောရပါတယ်။ အိမ်ရှေ့ဖြစ်စေ ခြံထဲဖြစ်စေ ထွက်ပြောမှပဲ အဆင်ပြေပြေကြားရပါတယ်။ တချို့ကလဲ အလွယ်တကူ အိမ်ရှေ့ထွက်ရင်းကနေ ကားလမ်းဘေးနားရောက်သွားတတ်ပါတယ်။ ဒါကြောင့် လမ်းဘေးဖုန်း ဆိုပြီး စကြပြန်ပါတယ်။ ရန်ကုန်မှာဆိုရင်တော့ ၀ရန်တာမှာ ထွက်ပြောရလို့ ၀ရန်တာဖုန်းလို့ ခေါ်ကြပါတယ်တဲ့.........နောက်တခုကတော့ ကိုယ်တွေ့ပါ။ အိမ်ဖုန်းကနေ ကိုယ့်အိမ်ထဲက ဖုန်းကို ခေါ်တာ လူကြီးမင်းနဲ့ကြည့်တွေ့နေပါတယ်။ ဒါနဲ့ ဦးလေးလာလို့ ဦးလေးဖုန်းကိုခေါ်တော့လဲ လူကြီးမင်းနဲ့ပဲ တွေ့ပါတယ်။ ဦးလေးပြောတာကတော့ လူကြီးမင်းနဲ့ ဘယ်လောက်တွေ့တွေ့ ဆက်သာခေါ် သူ့ဖာသာဝင်သွားလိမ့်မယ်တဲ့။ အင်း အဲလိုသာဆိုရင်တော့ မလွယ်ဘူးနော်လို့ သက်ပြင်းသာချမိပါတော့တယ်။
(ထိုင်ဝမ်မှာတုန်းက သူငယ်ချင်းတွေကို ခေါ်လိုက်လို့ ဖုန်းပိတ်ထားပါတယ်ပြောရင် ဆက်မခေါ်တတ်ပါဘူး။ မြန်မာပြည်မှာ အဲလိုသာဆိုရင် စကားပြောရမှာမဟုတ်တော့ဘူး)

No comments:

နောက်လဲလာလည်နော်

Glitter Graphics