Saturday 27 December 2008

ချစ်တတ်ရအောင်

လူတွေပြောပြောနေတဲ့ ချစ်ပါတယ် ဆိုတဲ့စကားကို ရှင်းပြပါဆိုရင် တကယ်ကို မရှင်းပြတတ်ပါဘူး။ ကိုယ်တိုင်လဲ ဘာကိုပြောနေမှန်းမသိပါဘူး။ ကလေးတွေကို ချစ်တယ်လို့ ပြောတာကတော့ ဒီကလေးအပေါ်မှာ သံယောဇဉ်တွယ်မိတာကို ပြောတယ်လို့ပဲ ကိုယ့်ကိုယ်ကို သိပါတယ်။ ဒါပေမယ့် ကလေးကို ချစ်ပါတယ်လို့ ပြောတဲ့အထဲမှာ ရယူပိုင်ဆိုင်လိုစိတ် အတ္တဆိုတာ မပါရှိပါဘူး။ အဲဒီအတွက် အလွန်ပဲ ငြိမ်းချမ်းတယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ချစ်သူရည်းစားတွေ ချစ်ပါတယ် ဆိုတာကျတော့ အတ္တအလွန်ပဲ များပါတယ်။ အဲဒီ အတ္တ ဆိုတာများလာတဲ့အခါမှာ မဖြစ်သင့်တာတွေ ဖြစ်ကြပါတယ်။ အတ္တကြီးပါတယ် ဆိုတဲ့နောက်မှတော့ လောဘက ပါဘာပါတယ်။ လောဘကြီး လို့ ကိုယ်လိုချင်တာကို မရတော့ရင် ဟော ဒေါသကလဲ ကပ်လိုက်လာပါရော။ တကယ်ကို ကြောက်ဖို့ကောင်းပါတယ်။ အဲဒီလိုတွေဖြစ်နေရင် ကိုယ်လဲစိတ်ညစ်ရသလို ကိုယ့်ချစ်သူလဲ စိတ်မချမ်းသာနိုင်ပါဘူး။ ချစ်သူကို ချစ်တဲ့အခါမှာ အေးအေးချမ်းချမ်းနဲ့ ချစ်တတ်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် စိတ်ချမ်းသာနိုင်မယ်။ ဒီလိုမဟုတ်ပဲ ချစ်ပါတယ် ဆိုပြီး ကိုယ့်အတ္တတွေကိုပဲ ရှေ့တန်းတင်နေမယ်ဆိုရင်တော့ အေးချမ်းတဲ့ချစ်သူဘ၀ကို ရမှာမဟုတ်ပါဘူး။

နောက်တခုကတော့ မာနထားတာပါပဲ။ တချို့လူတွေဟာ ချစ်သူအပေါ်မှာ တလွဲမာနထားပြီး ချစ်တတ်ကြပြန်ပါတယ်။ တခါတလေ ကိုယ့်ချစ်သူက ဘာရယ်မဟုတ်ပြောလိုက်တဲ့ စကားလေးတခွန်းကို အတွေးတွေလွန်ပြီး ငါ့မာနကို စော်ကားတာပဲဆိုတဲ့ အတွေးဝင်သွားတတ်ကြတယ်။ အဲဒီအတွေးဝင်သွားရင်တော့ သေချာတာတခုကတော့ ပြဿနာတခုဖြစ်ဖို့ သေချာသွားပါပြီ။ ပွင့်ပွင့်လင်းလင်း ထုတ်မပြောတတ်တဲ့ သူဖြစ်မယ်ဆိုရင်တော့ သူ့စိတ်ထဲမှာ တေးမှတ်ထားမှာပါ။ စိတ်ထဲမှာ မှတ်ထားပြီဆိုမှတော့ ကိုယ့်ချစ်သူအပေါ် အမြင်မကြည်တော့ဘူးပေါ့။ တကယ်လို့များ ကိုယ့်ချစ်သူရဲ့ စိတ်ဓါတ်ကို သေချာနားလည်နေမယ်ဆိုရင် အခုလိုဖြစ်မှာ မဟုတ်ပါဘူး။

ချစ်သူတွေကြားမှာ နွေးထွေးမှုကလဲ အရေးကြီးတယ်လို့ ထင်ပါတယ်။ “နေလို့ကောင်းရဲ့လား” ဆိုတဲ့ စကားလေးတစ်ခွန်းကလဲ ကိုယ့်ချစ်သူကို စိတ်ချမ်းသာစေနိုင်ပါတယ်။ မိုးရွာလာရင် ထီးဆောင်းရမယ်ဆိုတာကို ကိုယ်မပြောလဲသိပေမယ့် “မိုးရွာထဲသွားရင် ထီးယူသွားဖို့မမေ့နဲ့နော်” ဆိုပြီးပြောလိုက်တာက ကိုယ်သူ့အပေါ် ဘယ်လောက်ဂရုစိုက်သလဲဆိုတာ ချစ်သူဖြစ်တဲ့သူ စိတ်ထဲမှာ ကျေနပ်စေနိုင်ပါတယ်။ တစ်ခါတလေ အရေးမကြီးဘူးဆိုပြီး ပြောလိုက်တဲ့ စကားလေးတွေက နွေးထွေးမှုကို ဖြစ်စေတယ်လို့ထင်ပါတယ်။

ချစ်သူအပေါ် စိတ်ဆိုးစိတ်ကောက်တာမျိုးကိုလဲ ခဏခဏ မလုပ်မိစေနဲ့နော်။ ကိုယ်ကအချော့ခံချင်လို့ စိတ်ကောက်လိုက်ခါမှ သူကလဲစိတ်မကြည်တဲ့အချိန်ဆိုရင် အချောမခံရတဲ့အပြင် ပြဿနာပါဖြစ်နိုင်ပါတယ်။ ကိုယ်သိနေတဲ့ အကြောင်းအရာတွေကိုလဲ ထပ်ခါထပ်ခါပြောပြီး သူစိတ်ညစ်အောင် မရစ်မိစေနဲ့နော်။ မူလီတွေတောင် ရစ်တာလွန်သွားရင် တခါတလေ အရစ်ပြုန်းသွားတတ်သလို တခါတလေလဲ ပြတ်ထွက်သွားတတ်တယ်။ လူဆိုတော့ ပိုဆိုးတာပေါ့။

ဒါတွေကတော့ နှင်း တွေ့မြင်နေရတဲ့ ချစ်သူစုံတွဲလေးတွေကို ကြည့်ပြီး တွေးမိတာတွေကို ချရေးမိတာပါ။ အချစ်အကြောင်းကို သိပ်သိတာပဲနော်လို့ ပြောရဘူးနော်။ နှင်း က မာမားလို အပျိုကြီးလုပ်မှာဆိုတော့ အချစ်အကြောင်းကို မသိဘူး............


ချစ်သူကို အေးအေးချမ်းချမ်းနဲ့ ချစ်တတ်ကြပါစေ...........

3 comments:

khin oo may said...

အဲလိုပြောပြီးရင် တစ်နှစ်အတွင်း ယောကျာ်းရတတ်တယ်။

အရုပ်ကလေး said...

အချစ်ပို့စ်လေး ကောင်းတယ်
ကိုယ်က အချော့ခံချင်လို့ ဆိုကာမှ
စိတ်မကြင်လင်တဲ့ အခါမျိုး ပြဿနာ တက်နိုင်တယ်
ဆိုတာ သိပ်မှန်တယ်ဗျို့..
အပျိုးကြီး အဖြစ်ပဲ အချိန်ကုန်တော့မယ်ဆိုပြီး
အသက်ကြီးကာမှ အချစ်ကို တွေ့ရင် ပိုရင်မောရမယ်နော်

ရွှန်းမီ said...

မခင်ဦးမေ ပြောတာဆိုရင် သတိထားနော်.. သူပြောရင် မှန်တတ်တယ်။ ;-)

နောက်လဲလာလည်နော်

Glitter Graphics