Friday 15 February 2008

မွေးဖွားရာကတော့ “မြန်မာ”ပါပဲ

“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုတဲ့ စကားအတိုင်း လူတွေဟာ ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေထိုင်ကြရင်း ဘ၀ကို ဖြတ်သန်းနေကြရပါတယ်။ အဲဒီလို နေထိုင်လာကြရင်းကနေ မိမိမွေးဖွားခဲ့တဲ့ နေရာဒေသလေးကို ဘာလို့များ တစ်ချို့သောလူတွေက မေ့နေကြတာလဲ။ ကျွန်မတို့ဟာ အကြောင်းအမျိုးမျိုးတွေကြောင့် မြန်မာနိုင်ငံကို ခဏတာခွဲခွာလာကြတဲ့ လူတွေပါ။ ကိုယ့်ရဲ့ ဘ၀ပေးအခြေအနေတွေအရ တစ်ချို့သောသူတွေဟာ တစ်ခြားနိုင်ငံရဲ့ နိုင်ငံသားဘ၀တွေကို ခံယူကြပါတယ်။ ဒါတွေက လူတစ်ဦးချင်းစီရဲ့ ဘ၀ပေးအခြေအနေတွေကြောင့် ဖြစ်လာရတဲ့ အကြောင်းတွေပါ။ ဘယ်လိုပဲ နိုင်ငံသားကဒ်တွေ ပြောင်းပြောင်း မွေးဖွားရာနေရာဆိုတဲ့ နေရာလေးမှာတော့ “မြန်မာ” ဆိုတဲ့ စကားလုံးလေးကိုတော့ ဘယ်လိုမှ ပြောင်းလဲလို့ မရပါဘူး။ နိုင်ငံရပ်ခြားကို ရောက်နေတဲ့ တစ်ချို့သော လူတွေဟာ မြန်မာအချင်းချင်း မြန်မာလိုနှုတ်ဆက်ရမှာကိုပဲ ရှက်သလိုလိုနဲ့ ဖြစ်နေတတ်တာကို မကြာခဏဆိုသလို တွေ့နေရပါတယ်။ အနေကြာလို့ ကိုယ်နေထိုင်ရာနိုင်ငံရဲ့ စကားကို အကျင့်ပါပြီးပြောတဲ့လူနဲ့ တမင်ကိုမပြောချင်တော့လို့ တမင်လုပ်ယူပြီး ပြောတဲ့လူနဲ့ ခွဲခြားပြီးတော့ သိနိုင်ပါတယ်။ ကိုယ့်ကိုမွေးခဲ့တဲ့ နိုင်ငံရဲ့စကား ကိုယ်နေထိုင်စားသောက်လာတဲ့ ရေမြေရဲ့စကားကို လူကြားထဲမှာ ပြောဆိုရမှာဟာ အရမ်းကိုပဲ ရှက်ဖို့ကောင်းတဲ့ အရာတစ်ခုများ ဖြစ်နေလို့လား။ မြန်မာနိုင်ငံကိုပဲ ပြန်တော့မယ်။ ဒီမှာမနေချင်တော့ဘူး လို့ပြောမိရင် မြန်မာနိုင်ငံကိုပြန်ပြီး ဘာလုပ်စားမှာလဲ ပြန်သွားရင်တော့ ကုန်မှာပါပဲ။ ဆိုပြီးပြောတတ်ကြပြန်တယ်။ စေတနာနဲ့ ပြောကြတာကိုတော့ သိပါတယ်။ ဒါပေမယ့် လူတစ်ဦးချင်းစီရဲ့ ဘ၀တွေက မတူညီကြဘူးဆိုတာကိုတော့ သိသင့်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာလုပ်စားမလဲလို့ ပြောတဲ့လူက သူကိုယ်တိုင်ရော ဒီအသက်အရွယ်ထိ ကြီးပြင်လာအောင် မိဘတွေက ဘယ်နိုင်ငံမှာ လုပ်ကိုင်ရှာဖွေ ကျွေးမွေးခဲ့တယ်ဆိုတာကို မေ့နေလို့လား။ မြန်မာနိုင်ငံမှာပဲနေပြီး လုပ်ကိုင်စားသောက်နေတဲ့ လူတွေကိုပဲ မမြင်မိလို့လားမသိပါဘူး။ နိုင်ငံမတိုးတက်တာကို ကျွန်မတို့အားလုံးသိပါတယ်။ ဒါပေမယ့် ကိုယ်မွေးတဲ့နိုင်ငံကို အကောင်းမမြင်ရင်နေပါ။ မကောင်းတဲ့အကြောင်းလေး မပြောမိရင် တော်ပါပြီ။ ကိုယ့်ဘ၀ကို ဘယ်နိုင်ငံမှာပဲ အခြေချနေထိုင်ပါစေ ကိုယ့်ကိုမွေးဖွားခဲ့တဲ့ နိုင်ငံကလေးကိုတော့ ကျေးဇူးပြန်ပြီးမပြုရင်နေပါ။ ကျေးဇူးကန်းတဲ့ စကားမျိုးတွေနဲ့ မပြောစေချင်ဘူး။

3 comments:

Anonymous said...

ဒီပို့စ်လေးအတွက် အရမ်းကျေးဇူးတင်ပါတယ်၊ ဟုတ်ပါတယ်၊ များများရေးပေးပါလို့ တောင်းဆိုပါရစေ မဒီဇင်ဘာနှင်းရေ…

ဒီဇင်ဘာနှင်း said...

အခုလိုအားပေးလို့ နှင်း ကလဲ ကျေးဇူးတင်ပါတယ်

စိုးထက် - Soe Htet ! said...

ကောင်းလိုက်တာ ဗျာ ..
... ကိုယ့် ဟာကိုယ် နစ်မွန်း အောင်နေပြီး အနစ်နာ ခံနေ ပါတယ် လို့ ပြောပြော နေတဲ့ လူတွေ ရဲ့ အဆဲခံ နေရ ပါဦးမယ် ... :D
ကိုယ်တွေ့ ...

နောက်လဲလာလည်နော်

Glitter Graphics